လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

အမျိုးသားတိုင်းဟာ လိင်တံကြီးစေတဲ့ Pump စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေ အားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ အားလုံးက တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာရော သေချာသိကြပါသလား။

ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားတိုင်း သူတို့လိင်တံကို ပိုကြီးစေချင်ကြပါတယ်။

“ ကမ္ဘာပေါ်မှာ သူ့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက် ပိုပြီး မရှည်လာစေချင်တဲ့ အမျိုးသားတစ်ယောက်မှ ရှိမယ် မထင်ပါဘူး ” လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဟားဗတ် ဆေးကျောင်းမှ ဆီးလမ်းကြောင်းခွဲစိတ်မှု ဆိုင်ရာပါမောက္ခဖြစ်သူ မိုက်ကယ် အို လိရီ (Michael O’Leary) ကဆိုပါတယ်။

ဟိုးရှေးကတည်းက ရှိလာခဲ့ကြတဲ့ အလုပ်မဖြစ်တဲ့ လိင်တံကြီးစေနိုင်တဲ့ နည်းလမ်းတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိပေမဲ့ တကယ်တမ်း လိင်တံကြီးစေဖို့ သင့်အနေနဲ့ လုပ်လို့ရနိုင်တာ သိပ်မရှိပါဘူး။ အခုလို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ လိင်တံကြီးဆေးတောင့်၊ လိင်တံကြီး လိမ်းဆေး၊ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေ၊ လိင်တံကြီးစေတဲ့ ကိရိယာတွေ၊ ခွဲစိတ်မှုတွေ အများအပြားကို လူတိုင်း သိနေကြပေမဲ့ ဒီပစ္စည်းတွေ အားလုံး နီးပါးက တကယ် အလုပ်မဖြစ်ပါဘူး။ တကယ့်မှန်ကန်တဲ့ နည်းလမ်းတွေတောင် လိင်တံကို အနည်းငယ်သာကြီးလာစေပြီး ဘေးထွက်ဆိုးကျိုး တွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေက တစ်ခါတစ်ရံ ထောင်မတ်မှု ပြဿနာ ED (erectile dysfunction) အထိပါ ဖြစ်စေနိုင်ပါတယ်။

“ ကျွန်တော်ပြောတာ ယုံပါ။ ကျွန်တော်သာ လိင်တံကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ကြီးစေနိုင်တဲ့ နည်းသိနေရင် ကျွန်တော် ဘီလီယံနာ ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော် ဒီနည်းကို မသိဘူး။ ဘယ်သူမှလည်း မသိကြပါဘူး ” လို့ မိုက်ကယ် အိုလိရီ ကဆိုပါတယ်။

သို့ပေမဲ့ လိင်တံ အရမ်းကြီးချင်တဲ့ အမျိုးသားတွေကတော့ သူတို့ ခန္ဓာဗေဒရဲ့ အရေးကြီးဆုံး အင်္ဂါ အပေါ် တကယ် ကြမ်းတမ်းတဲ့ကုသမှုတွေ လုပ်နေကြတုန်းပါပဲ။
လိင်တံ တစ်ခုက ဘယ်လောက် အတိုင်းတာလောက်ဆို သေးတယ်လို့ ပြောလို့ရမလဲ။

သင့်အနေနဲ့ သင့်လိင်တံဟာ သာမန်ထက် အနည်းငယ်သေးနေတယ်လို့ ထင်နေပါသလား။ ဒါဆို သင်ထင်နေတာ မှားပါတယ်။ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ လိင်တံတစ်ခုက ၅ လက်မကနေ ၆ လက်မ အထိသာ ရှည်ပြီး လုံးပတ်ကတော့ ၄ လက်မက နေ ၅ လက်မ အထိရှိပါတယ်။ ပျော့ခွေနေတဲ့ အချိန်တိုင်းတာရင်တော့ လိင်တံ ဆိုဒ်က အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။

ဒါပေမဲ့ တစ်ချို့သော အမျိုးသားတွေကတော့ ဒီအတိုင်းအတာထက် တကယ်ကြီးကို သေးနေတာ မျိုးလည်း ရှိပါတယ်။ ဒါကို micropenis လို့ခေါ်ပြီး မျိုးရိုးဗီဇနဲ့ ဟော်မုန်းပြဿနာ တို့ကြောင့် ဒီ micropenis ဖြစ်ရတာပါ။ micropenis တွေဟာ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ အချိန်မှာတောင် ၃ လက်မ ခန့်သာရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ Peyronie’s disease လို့ခေါ်တဲ့ အမာရွတ်တစ်ရှုးတွေက အချပ်တွေလို လိင်တံအောက်မှာ ရှိနေလို့ လိင်တံကောက်တဲ့ ရောဂါတွေနဲ့ ပရော့စတိတ် ကင်ဆာ (သုက်ရည် ဂလင်း) တို့ကြောင့် အမျိုးသားတစ်ယောက်ရဲ့ လိင်တံက သေးသွားနိုင်ပါတယ်။

သို့ပေမဲ့ လေ့လာချက်တွေ အရ လိင်တံကြီးနည်း လိုက်လံရှာဖွေနေကြတဲ့ အမျိုးသားအများစုရဲ့ လိင်တံဟာ သာမန် အရွယ်အစားသာ ရှိနေတာ ဖြစ်ပြီး သူတို့က သူတို့ လိင်တံသေးနေတယ် လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အမျိုးသားတွေ သူတို့ လိင်တံ သေးတယ်လို့ပဲ ထင်နေကြတာလဲ။ ဒီမေးခွန်းရဲ့ အဖြေတစ်စိတ်တစ်ပိုင်းကတော့ ရှုထောင့်ကြောင့်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လိင်တံရဲ့ အရွယ်အစားကို တိုင်းတာရတာဟာ ငုံ့ပြီး တိုင်းတာရတာ ဖြစ်တဲ့ အတွက် ကြည့်တဲ့ အခါ ရှု့ထောင့် ပြောင်းသွားစေပါတယ်။

ဒီနေရာမှာ စိတ်ပညာကလည်း စကားပြောပါတယ်။ သာမန် လိင်တံရှိနေတဲ့ အမျိုးသားအများစု ဟာ သူတို့လိင်တံ အရမ်းသေးနေတယ်လို့ မြင်နေရခြင်းဟာ စိတ်ရောဂါနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလို လိင်တံသေးနေတဲ့ လို့ ထင်နေကြတဲ့ အမျိုးသားတွေမှာ အတွေ့ရများတဲ့ စိတ်ရောဂါကတော့ Penile dysmorphic disorder (PDD) လို့ခေါ်တဲ့ လိင်တံရဲ့ ချို့ယွင်းချက် အယူအဆ အမှားအပေါ် အလွန်အကျွံ စိတ်ပူပန်နေတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါမျိုးဟာ ကိုယ်က ဘယ်လောက်ပိန်ပိန် ဝနေတယ်လို့ တွေးပူတတ်ကြတဲ့ လူတွေမှာ ဖြစ်ပွားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ လိင်တံကြီးမားစေရန် ခွဲစိတ်ကြတဲ့ အမျိုးသားအများစုမှာ PDD စိတ်ဝေဒနာရှိကြပြီး ခွဲစိတ်ပြီးရင်လည်း ရလာဒ်အပေါ် သိပ်မကျေနပ်ကြပါဘူး။
လိင်တံကြီးလာစေရန် ဘယ်နည်းလမ်းတွေ လုပ်ဆောင်သင့်လဲ။

ကိုယ်အလေးချိန် ချပါ။

ကြီးမားတဲ့လိင်တံတစ်ခု ရှိနေတယ်လို့ ခံစားရအောင် လုပ်နိုင်တဲ့ အန္တရာယ်ကင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခု တော့ ရှိပါတယ်။ အဲ့ဒါက ကိုယ်အလေးချိန်လျှော့ခြင်းပါပဲ။

“ ကိုယ့်လိင်တံ အရမ်းသေးနေတယ်လို့ ထင်ကြတဲ့ လူအများစုဟာ အဝလွန်နေသူတွေ ဖြစ်ကြပါတယ်။ ” လို့ ကယ်လီဖိုးနီးယား ပြည်နယ် Beverly Hills မြို့မှ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန်နဲ့ Secrets of the Sexually Satisfied Woman စာအုပ်ကို ရေးသားခဲ့သူ ဂျနီဖာ ဘာမန်း (Jennifer Berman) ကဆိုပါတယ်။

ဝိတ်လျှော့လိုက်ရင် ဗိုက်အဆီတွေ အောက်မှာ မြုပ်နေတဲ့ လိင်တံကို ပိုပေါ်လာစေနိုင်တဲ့ အတွက် လိင်တံကို ပိုကြီးလာစေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လိင်တံကြီးသွားတာတော့ မဟုတ်ပါဘူး။ အစားနည်းနည်း လျှော့စားမယ့်အစား ခွဲစိတ်မှုကိုသာ လုပ်ချင်ပါတယ်ဆိုတဲ့ အမျိုးသားတွေအတွက်တော့ liposuction လို့ခေါ်တဲ့ လိင်တံတစ်ဝိုက်က အဆီတွေကို စုပ်ထုတ်နည်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ ရေရှည်ခံမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်က အစားမလျှော့စားဘဲ အရင်လို စားမြဲစားနေမယ်ဆိုရင်တော့ လိင်တံက ဗိုက်အဆီအောက်မှာ ထပ်မြုပ်နေဦးမှာပါပဲ။
လိင်တံကြီးစေနိုင်တယ်ဆိုတဲ့ ဆေးတွေ၊ လိမ်းဆေးတွေ၊ ကိရိယာတွေ။

အောက်မှာတော့ လိင်တံကို ကြီးလားစေနိုင်တယ်လို့ပြောထားတဲ့ ဆေးတွေ၊ ကိရိယာတွေ၊ လိမ်းဆေးတွေကို ဖော်ပြထားပါတယ်။

လေဟာနယ်ဖြစ်စေရန် လေစုပ်သည့်ပန့် (vacuum pump)။

ဒီကိရိယာကတော့ လေတွေကို စုတ်ထုတ်လိုက်တဲ့ ကိရိယာလေး ဖြစ်ပါတယ်။ သင်က လိင်တံကို ကိရိယာထဲ ထည့်ထားမယ်ဆိုရင် လေဟာနယ်က သွေးများကို လိင်တံအတွင်းဝင်ရောက်လာစေပြီး လိင်တံကို အနည်းငယ်ပိုကြီးတဲ့ ပုံစံနဲ့ ထောင်မတ်လာပါတယ်။ အဲ့ဒီအချိန်မှာ သွေးများ ခန္ဓာကိုယ်ထဲ ပြန်မဝင်သွားစေရန်အတွက် သင်က လိင်တံကို သွေးထိန်းစည်းလို့ တင်းကြပ်တဲ့ အဝိုင်းလေးနဲ့ လိင်တံကို ကွင်းလေးနဲ့ လိင်တံကို မြဲမြဲ ညှပ်ထားရပါတယ်။

ဒီကိရိယာရဲ့ အားနည်းချက်ဘာလဲ။

ကွင်းလေးကို ဝတ်ဆင်ထားတဲ့အချိန်လောက်ပဲ လိင်တံက အနည်းငယ်ကြီးလာမှာပါ။ ဒါ့အပြင် မိနစ် ၂၀၊ ၃၀ လောက်ဝတ်ထားမယ်ဆိုရင်လည်း တစ်ရှုးတွေကို ပျက်ဆီးစေနိုင်ပါတယ်။ ဒီကိရိယာကို များသောအားဖြင့် ထောင်မတ်မှု ပြဿနာ (erectile dysfunction) တက်နေတဲ့ လူနာတွေကို ကုသပေးလေ့ရှိပေမဲ့ လိင်တံတကယ်ကြီးလာစေနိုင်တာတော့ မဟုတ်ပါဘူး။

အလေးများနဲ့ ဆွဲဆန့်ခြင်း။

အလေးများနဲ့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေဟာ လိင်တံကို ပိုကြီးလာစေနိုင်မှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လိင်တံဟာ ကြွက်သား မဟုတ်လို့ပါ။ ဒါပေမဲ့ လိင်တံ ပျော့နေတဲ့ အချိန် အလေးနဲ့ ဆွဲထားတာဟာ လိင်တံကို အနည်းငယ်ပိုရှည်လာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို လုပ်ဖို့လည်း စိတ်ရှည်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို လိင်တံ အနည်းငယ်ရှည်စေလာဖို့ ဆိုရင် တစ်နေ့ကို ၈ နာရီခန့်နဲ့ ၆ လလောက်အထိ ဝတ်ဆင်ထားရမှာပါ။ ၆ လလောက် ဝတ်ဆင်ပြီးပြီဆိုရင်တော့ တစ်ရှုးများစုတ်ပြဲသွားခြင်း၊ သွေးကြောများပေါက်ပြဲခြင်းနဲ့ တစ်ခြားသော ရောဂါတွေ မဖြစ်ဘဲလက်မဝက်လောက် ရှည်လာတယ်ဆိုရင် သင်က တော်တော် ကံကောင်းတဲ့ သူလို့ပြောရမှာပါ။

လိင်တံကြီးဆေး၊ အာဟာရ၊ ဆီပါလိမ်းဆေးနဲ့ ခရင်မ်တွေ။

ဒါတွေ အားလုံးတစ်ခုမှ အလုပ်မဖြစ်ပါဘူး။ “ ကျွန်မအနေနဲ့ ဒီပစ္စည်းတွေ အားလုံးက လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ” လို့ ဂျနီဖာ ဘာမန်း (Jennifer Berman) က ဆိုပါတယ်။

လိင်တံကြီးစေတဲ့ ခွဲစိတ်မှုများ။

ဒါဆိုရင် ခွဲစိတ်ရင်ရော တကယ်ကြီးလာနိုင်လားလို့ သင့်ရဲ့ စိတ်ထဲ မေးချင်နေပါလိမ့်မယ်။ ယေဘုယျ အားဖြင့် အခြေခံကျတဲ့ လိင်တံကြီးစေရန် ခွဲစိတ်မှု (၂) မျိုး ရှိပါတယ်။

လိင်တံ ပိုရှည်လာစေတဲ့ ခွဲစိတ်မှု။

ခွဲစိတ်မှုတွေထဲမှာ အတွေ့ရများတဲ့ နည်းတစ်ခုကတော့ လိင်တံနဲ့ တင်ပါးဆုံရိုးကို ဆက်သွယ်ပေးထားတဲ့ အရွတ်တွေကို ဖြတ်လိုက်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒီလို ဖြတ်ထုတ်လိုက်တဲ့ အခါမှာ လိင်တံက တစ်လက်မ အောက်ခန့် အနည်းငယ်ပိုရှည်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လိင်တံကို တကယ်ပိုရှည်လာစေတာ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ လိင်တံအလျား အနည်းငယ်ကို အပြင်ထုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အရွတ်တွေ တင်ပါးဆုံရိုးနဲ့ ပြန်မချိတ်သွားစေဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ထားတဲ့ အမျိုးသားဟာ အလေးချိန်နဲ့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေကို နေ့စဉ် ၆ လအထိ ပြုလုပ်ရပါတယ်။

လိင်တံကို အလေးချိန်ထပ် ဖြည့်ခြင်း။

ကိုယ့်ရဲ့ လိင်တံလုံးပတ်က သေးနေတယ်လို့ ထင်နေကြတဲ့ အမျိုးသားတွေ အနေနဲ့ ပြုလုပ်လေ့ရှိကြတဲ့ အငြင်းပွားဖွယ် ခွဲစိတ်မှု တစ်ခုကတော့ ခန္ဓာကိုယ်ထဲက အဆီတွေ၊ ဆီလီကွန်တွေ၊ တစ်ရှုးတွေကို လိင်တံထဲ ဖြည့်တင်းပေးတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဆီးလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းကတော့ အထက်မှာ ဖော်ပြထားတဲ့ ခွဲစိတ်မှုတွေဟာ အန္တရာယ်မကင်းတဲ့ နည်းလမ်းတွေ ဖြစ်တဲ့ အပြင် လိင်တံရဲ့ အရွယ်အစား၊ လုံးပတ်ကို ထိရောက်စွာ မကြီးလာစေနိုင်ဘူးလို့ ဆိုထားပါတယ်။

တစ်ချို့သော အမျိုးသားတွေရဲ့ လိင်တံကို အန္တရာယ် နည်းနည်းနဲ့ လိင်တံကြီးလာစေနိုင်တဲ့ ခွဲစိတ်မှုတွေ တော့ အနည်းငယ်ရှိပါတယ်။ တစ်ချို့ ဖြစ်စဉ်တွေမှာဆိုရင် ကပ်ပယ်အိတ်က လိင်တံရဲ့ အထက်နားကို တွဲကပ်နေတတ်ပါတယ်။ အဲ့လို ဖြစ်စဉ်မှာဆိုရင် ကပ်ပယ်အိတ်ကို လိင်တံမှ ခွဲထုတ်လိုက်ခြင်းဟာ လိင်တံကို အနည်းငယ် ပိုကြီးလာသလို ထင်ရစေနိုင်ပါတယ်။ ဒီခွဲစိတ်မှု
လုပ်ဖို့ဆိုရင် ဆေးရုံတက်စရာမလိုဘဲ မိနစ် ၂၀ လောက်နဲ့ တင်လုပ်လို့ ရတယ်လို့ အိုလိရိ ကဆိုပါတယ်။

လိင်တံကြီးစေတဲ့ ခွဲစိတ်မှု များရဲ့ အန္တရာယ်များ။

လိင်တံကြီးစေတဲ့ ခွဲစိတ်မှုတွေ လုပ်ဖို့ မပြင်ဆင်ခင် အထက်က လိင်တံကြီးစေ၊ ရှည်လျားစေတဲ့ ခွဲစိတ်မှုတွေရဲ့ အန္တရာယ်တွေကို အရင် ခေါင်းထဲ ထည့်ထားသင့်ပါတယ်။ ဒီခွဲစိတ်မှုတွေဟာ သေချာလေ့လာထားရခြင်းလည်း မရှိသေးဘဲ အဓိက ဆေးပညာအဖွဲ့စည်းတိုင်းကလည်း ဒီ ခွဲစိတ်မှုတွေကို မထောက်ခံထားပါဘူး။ အမေရိကန်နိုင်ငံမှာဆိုရင် ဒီခွဲစိတ်မှုတွေကို တရားဝင်ခွင့်မပြုထားတဲ့ အတွက် တစ်ချို့သော အမျိုးသားတွေက တစ်ခြားနိုင်ငံကို ထွက်ပြီး ခွဲစိတ်ကြပါတယ်။ ဒါ့ကြောင့် ခွဲစိတ်မှုကို စိတ်အားထက်သန် စွာ လုပ်ချင်နေပြီဆိုရင် စိတ်လျှော့ပါ။ ကိုယ် ဘယ်အန္တရာယ်တွေကို လုပ်နေလဲဆိုတာ သိဖို့ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့လိုပါတယ်။

လိင်တံကြီးစေတဲ့ ခွဲစိတ်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ တော်တော်များပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေထဲမှာ ကူးစက်ရောဂါ ခံစားရခြင်း၊ နာဗ်ကြောများ ထိခိုက်သွားခြင်း၊ အာရုံခံနိုင်စွမ်း နည်းသွားခြင်း၊ ထောင်မတ်ဖို့ ခက်ခဲခြင်း တို့ဖြစ်ပါတယ်။ ပိုဆိုးတဲ့ အရာကတော့ ခွဲစိတ်ပြီး ဖြစ်ပေါ်တဲ့ အမာရွတ်ဟာ လိင်တံကို ရှိရင်းစွဲထက်တောင် ပိုတိုသွားစေပါတယ်။ လိင်တံလုံးပတ်ကို ပိုကြီးစေတဲ့ ခွဲစိတ်မှုက ပိုတောင် အန္တရာယ်များပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ လိင်တံ အရုပ်ဆိုးသွားခြင်း၊ လိင်တံ ဖုထစ်သွားခြင်း၊ လိင်တံ မညီညာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ခွဲစိတ်မှု တွေနဲ့ ပတ်သတ်ပြီး လေ့လာချက်တွေကလည်း အားတက်စရာ မကောင်းလှပါဘူး။ ဥရောပ ဆီးလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းရဲ့ လေ့လာချက်တစ်ခုမှ ခွဲစိတ်ထားတဲ့ လူပေါင်း ၄၂ ယောက်ကို လေ့လာခဲ့ရာမှာ ခွဲစိတ်မှုလုပ်တဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်းခန့်သာ ခွဲစိတ်မှုရဲ့ ရလာဒ်ကို ကျေနပ်တယ်လို့ ဆိုခဲ့ပြီး တစ်ဝက်ခန့်ကတော့ တစ်ခြား ခွဲစိတ်မှုတွေကို ထပ်လုပ်ကြတယ် လို့ဆိုပါတယ်။
လိင်တံကြီးမားစေရန် လုပ်ဆောင်တော့မယ်ဆိုရင် စဉ်းစားသင့်တဲ့ အချက်လေးတွေ။

အမျိုးသားတိုင်း သူတို့လိင်တံကို ပုံမှန်ထက် အနည်းငယ်လောက်ပိုကြီးချင်စိတ်ရှိကြပေမဲ့ အန္တရာယ်ရှိတာတွေ လျှောက်မလုပ်ခင် ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို သေချာစဉ်းစားဖို့လိုပါတယ်။ တကယ်လို့ သင်က လိင်တံအရမ်းကြီးချင်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ပဲ ဖြစ်ဖြစ်၊ ကုသနည်းဆိုင်ရာ ဆရာ ဖြစ်ဖြစ်နဲ့ စကားပြောဆိုခြင်းဖြင့် ကုသမှု ခံယူနိုင်ပါတယ်။ လေ့လာချက်တွေအရ ဆရာဝန်များက လူနာရဲ့ လိင်တံဟာ သာမန်လိင်တံသာ ဖြစ်ကြောင်း ရိုးရိုးသားသားပြောလိုက်မယ်ဆိုရင် လူနာဟာ အန္တရာယ်များတဲ့ ခွဲစိတ်မှုတွေ မလုပ်ကြတော့ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းက ရောင်းနေတဲ့ အံ့အားသင့်ဖွယ်ရာ လိင်တံကြီးနည်းဆိုတဲ့ ဆေးတွေကိုလည်း စိတ်မဝင်စားဖို့လိုပါတယ်။

“ ဒီလိုပစ္စည်းတွေဟာ လိင်တံအရမ်းကြီးချင်နေတဲ့ အမျိုးသားတွေကို အဓိက ပစ်မှတ်ထားလေ့ရှိပါတယ်။ ဒီလူတွေက သားကောင်တွေပါပဲ ” လို့ ဘားမန်းက ဆိုပါတယ်။

နယူးယောက်က လိင်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ တစ်ယောက်ဖြစ်သူ အန် ကာနာ (Ian Kerner) လိင်တံ အဆမတန်ကြီးလာရင် တကယ်ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေကလည်း ထင်သလောက် အလုပ်မဖြစ်ဘူးလို့ဆိုပါတယ်။

“ လိင်တံအရွယ်အစားနဲ့ ပတ်သတ်လာရင် သာမန်လိင်တံရှိခြင်းက ဖြစ်သင့်တဲ့ အရာတစ်ခုပါပဲ။ လိင်တံအကြီးကြီးရှိတယ်ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာ အများအပြားဖြစ်နိုင်ပြီး ကိုယ့်ရဲ့ အဖော်အတွက် လိင်တံ အရမ်းကြီးမားနေမယ်ဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့ အခါပဲ ဖြစ်ဖြစ်၊ မွေးလမ်းကြောင်းမှ လိင်ဆက်ဆံတဲ့အခါပဲ ဖြစ်ဖြစ် ဒုက္ခရောက်နိုင်ပါတယ်။ ကိုယ်ကသာ
လိင်ဆက်ဆံခြင်းကို ကောင်းကောင်းမွန်မွန်နဲ့ ဆန်းသစ်စွာ လုပ်တတ်မယ်ဆိုရင် အရွယ်အစားက အရေးမကြီးပါဘူး။ အိပ်ယာထဲမှာ သင့်ဦးနှောက်ကို ဘယ်လိုသုံးမလဲ၊ လက်တွေကို ဘယ်လိုသုံးမလဲ၊ ပါးစပ်ကို ဘယ်လိုသုံးမလဲဆိုတာက လိင်ဆက်ဆံချိန်မှာ အရေးကြီးတာပါ ” လို့ ကာနာ ကဆိုပါတယ်။

ဒါ့ကြောင့် စဉ်းစားပါ။ လိင်တံကြီးကြီး လိုချင်တယ်ဆိုပြီး ဆေးပညာ အဖွဲ့အစည်းတွေက အသိအမှတ်မပြုထားတဲ့ နည်းတွေသုံးမယ်ဆိုရင် သင်လိင်တံဟာ ဖုထစ်ခြင်း၊ ဒဏ်ရာရခြင်း၊ အရောင်ပြောင်းခြင်း၊ နာကျင်ခြင်း၊ မထောင်မတ်တော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါတောင် ကျွန်တော် ပိုက်ဆံကုန်သွားတာကို ထည့်မပြောထားသေးပါဘူး။ လက်မဝက်လောက် ပိုရှည်လာဖို့အတွက် ဒီလို အန္တရာယ်တွေနဲ့ စွန့်စားတာက အဓိပ္ပါယ်ရှိရဲ့လားဆိုတာကို ကိုယ့်ဘာသာ အရင်စဉ်းစားသင့်ပါတယ်။

 ရေးသားသူ Arkar Hein
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Comments