ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

HIV ဆိုတာ လိင်ဆက်ဆံခြင်းကနေ အများဆုံး ကူးစက်တဲ့ ရောဂါဖြစ်ပြီး လိင်အင်္ဂါကထွက်တဲ့ အရည်၊ သွေးတွေကို ထိတွေ့မိရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးဖြစ်စေ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာကဖြစ်စေ၊ မိခင်က သန္ဓေသားကိုဖြစ်စေ ကူးစက်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတော်တော်များများ မေးတတ်ကြတဲ့ ပါးစပ်ကနေ လိင်ဆက်ဆံပြီး HIV ပိုး ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလား ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ

ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး ယောက်ျားတွေရဲ့ လိင်တံ၊ မိန်းမတွေရဲ့ ယောနိ ဒါမှမဟုတ် စအိုဝကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံကြတဲ့ အမျိုးသားတွေ သဘောကျနှစ်သက်ကြပြီး အမျိုးသမီးတချို့လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံလို့ HIV ပိုး ကူးစက်နိုင်လား။

အတိအကျပြောလို့ ခက်တဲ့ အရာဖြစ်ပေမယ့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ HIV ပိုး ကူးစက်ခံရနှုန်း အင်မတန် နည်းတယ်လို့ ဆိုလို့ ရပါတယ်။ မိန်းမကိုယ် ဒါမှမဟုတ် စအိုဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံတာထက်ကို ကူးစက်တဲ့ ရာခိုင်နှုန်း အလွန်နည်းပါတယ်။

ကူးစက်မှုရာခိုင်နှုန်းကို မြင့်တက်စေတဲ့ အချက်တွေကတော့ ပါးစပ်မှာ အနာပေါက်နေတာ၊ သွားခွဲစိတ်ထားတာ၊ ပွန်းပဲ့ဒဏ်ရာဖြစ်နေတာ၊ သွားဖုံးက သွေးယိုစီးနေတာ၊ မိန်းမကိုယ်က ရာသီသွေးတွေ ပါးစပ်ထဲ ဝင်တာ၊ ပါးစပ်ထဲမှာ သုက်လွှတ်လိုက်တာ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံလို့ တခြားဘာတွေ ကူးစက်နိုင်လဲ။

HIV ပိုး ကူးစက်ဖို့ ရာခိုင်နှုန်းအလွန်နည်းပေမယ့် တခြား လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ကာလသားရောဂါ၊ လိင်အင်္ဂါရေယုန်၊ ဆီးပူညောင်းကျရောဂါတွေအပြင် အသည်းရောင် အသားဝါ အေပိုး၊ ဘီပိုး၊ အူလမ်းကြောင်းမှာ ရှင်သန်တဲ့ ပိုးတွေ၊ ဘက်တီးရီးယား၊ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ကူးစက်နိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံရာကနေ HIV ကူးစက်နှုန်းကို ဘယ်လိုလျှော့ချနိုင်မလဲ။

၁။ လိင်ဆက်ဆံဖော် အမျိုးသားကို ပါးစပ်ထဲမှာ သုက်မလွှတ်မိစေဖို့ ပြောပေးပါ။ ပါးစပ်ရဲ့ အပြင်မှာ သုက်လွှတ်တာဟာ ကူးစက်ရာခိုင်နှုန်းကို ထပ်ပြီး လျှော့ချပေးနိုင်ပါတယ်။

၂။ ကူးစက်ဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် ပေါ့လို့မဖြစ်တဲ့အတွက် ကွန်ဒုံးကို အသုံးပြုပေးပါ။ ကွန်ဒုံးဟာ HIV သာမက တခြား လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ၊ အရေပြားရောဂါတွေ မကူးစက်မိစေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

၃။ HIV ပိုးမရှိသူတွေက PrEP လို့ ခေါ်တဲ့ ကာကွယ်ဆေးကို ပုံမှန်သောက်ပေးနေလို့ ရသလို၊ HIV ပိုး ရှိသူတွေအနေနဲ့လည်း HIV ပိုးကို ထိန်းပေးနိုင်တဲ့ ART ဆေးကို ပုံမှန်သောက်နေတယ်ဆိုရင် ပိုးကူးစက်ဖို့ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

၄။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အရေအတွက်ကို လျှော့ချပါ။

၅။ အမျိုးသမီး ရာသီလာနေစဉ် လိင်ဆက်ဆံတာကို ရှောင်ကြဉ်ပေးပါ။

၆။ ပါးစပ်မှာ အနာပေါက်နေစဉ်၊ သွားခွဲစိတ်ထားတဲ့ ဒဏ်ရာမကျက်သေးဘူးဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

 ရေးသားသူ Ye Myo Myat
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Comments