ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

အမျိုးသားတွေဟာ အများအားဖြင့် လိင်ဆက်ဆံရာမှာကွန်ဒုံးမသုံးချင်ကြပါဘူး။ စိတ်ကျေနပ်မှု အပြည့်အဝမရရှိနိုင်တာကြောင့်လို့ ဆိုတတ်ကြပါတယ်။  မိမိရဲ့အိမ်သူသက်ထား ဇနီးမယားနဲ့ချစ်ကြိုးသွယ်မယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမဲ့ ချစ်သူရည်းစား (သို့မဟုတ်) တစ်ညတာပျော်ပါးမှုတွေမှာတော့ ကွန်ဒုံးဟာမသုံးမဖြစ် သုံးရမယ့်အရာပါ။ ကွန်ဒုံးသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးနိုင်သလို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားမှာပါ။ လိင်တူအမျိုးသားတွေမှာလည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကူးစက်နှုန်း မြန်တာကြောင့် ပိုလို့တောင် ဂရုတစိုက် သုံးသင့်ပါသေးတယ်။

 

ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတဲ့အခါ သဘာဝအတိုင်း လိင်ဆက်ဆံတာလောက် စိတ်ကျေနပ်မှုမရဘူးလို့ ဆိုလာကြပါတယ်။ မှန်ပါတယ်။ သို့သော် ဒီလိုစိတ်အစွဲကြီးနဲ့ပဲ ကွန်ဒုံးသုံးနေမဲ့အစား ကွန်ဒုံးလည်းသုံးရင်း စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရရှိနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။ ဒီနည်းလမ်းတွေကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးရှုထောင့်အမြင်နဲ့သာ ဖတ်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။

 

(၁) ချောဆီ (Lubricant) ကိုကွန်ဒုံးရဲ့အတွင်းဘက်ထဲသို့အစက်ချပါ။

ဒီနည်းလမ်းကိုအရင်ကတော့ကြားဖူးမယ်မထင်ပါဘူးနော်။ ဒါပေမယ့်ကွန်ဒုံးကို မစွပ်ခင်မှာ ချောဆီထည့်လိုက်ခြင်းဟာစိတ်ကျေနပ်မှုရစေမှာပါ။ ရေကိုအခြေခံပြုလုပ်ထားတဲ့ (water based lubricant) ကို ကွန်ဒုံးထိပ်က နေရာလွတ်သေးသေးလေးထဲသို့ တစ်စက် (သို့မဟုတ်) နှစ်စက်လောက်ချလိုက်ပါ။ ဒီထက်ပိုလို့တော့မကောင်းပါဘူး။ အရမ်းများနေရင်ချောပြီး ကျွတ်ကျသွားနိုင်ပါတယ်။ ကွန်ဒုံးထိပ်ကချောဆီဟာ လိင်တံရဲ့ထိပ်ဖျားကို လာလာထိပြီး ခံစားမှုရသတစ်ခုကို ထပ်မံပေးစွမ်းလို့ပါ။ ကိုယ်ထည်ကလိင်အင်္ဂါအရွယ်အစားနဲ့တော်ပြီး ထိပ်ကအိတ်လေး(နေရာလွတ်)က ပိုကြီးရင် ပိုကောင်းပါတယ်။ အချို့သောအမျိုးသားတွေကတော့ ဒီနည်းလမ်းဟာ ကွန်ဒုံးမပါဘဲ သဘာဝအတိုင်းဆက်ဆံတာထက် ပိုကောင်းတယ်လို့တောင် ဆိုထားကြပါသေးတယ်။

 

(၂) မတူညီတဲ့ကွန်ဒုံးအမျိုးအစားကိုရွေးချယ်လိုက်ပါ။

ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခဲ့တဲ့အရင်ကအတွေ့အကြုံတွေမှာဘာလို့စိတ်ကျေနပ်မှုမရခဲ့တာလဲ။

 

ထူထဲတဲ့ ကွန်ဒုံးတွေသုံးခဲ့လို့လား။ ဒါဆိုရင်တော့ အဖြေရှိပြီးသားပါ။ ယနေ့ခေတ်မှာပါးလွှာပြီး ချောဆီများစွာပါဝင်တဲ့ ကွန်ဒုံးဒီဇိုင်းတွေရှိနေပါပြီနော်။ ချောဆီဟာလည်း ကွန်ဒုံးအပြင်မှာရော အတွင်းမှာပါ ပါနေတာမို့ခံစားမှုကို တစ်မျိုးလေးဆန်းသစ်စေမှာပါ။ တချို့ကွန်ဒုံးတွေဆို လိင်တံအတွက် တင်းကြပ်မနေဘဲ လျော့တိလျော့ရဲလေးမို့ ကွန်ဒုံးနေရာလွတ်အတွင်းမှာ လိင်တံဟာ ရွေ့လျားနေပြီး ခံစားမှုပိုကောင်းစေနိုင်ပါတယ်။ အချို့သော ချောဆီတွေမှာဆို ပူနိုင်အေးနိုင်တဲ့ ခံစားမှုအဆန်းလေးတွေပါ ပေးစွမ်းနိုင်အောင် ထုတ်လုပ်ထားပါတယ်။ ကဲ အလွှာမခြား သဘာဝအလား  ကွန်ဒုံးလေးတွေကို စမ်းသပ်ကြည့်ရအောင်။

 

(၃) အတိတ်ဆိုးတွေကိုမေ့ပျောက်လိုက်ပါ။

အတိတ်ဆိုးလို့ဆိုတဲ့နေရာမှာ လိင်မှုရေးရာအတိတ်ဆိုးလို့ဆိုရမှာပါ။ အရင်က လိင်ဆက်ဆံမှုတွေမှာ ကွန်ဒုံးသုံးခဲ့ဖူးမှာပါ။ အခန့်မသင့်လို့ ကွန်ဒုံးဟာအရမ်းကြပ်နေတာမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာရှိနိုင်သလို ကွန်ဒုံးမှာပါတဲ့ချောဆီနဲ့ ဓာတ်မတည့်တာမျိုးလည်း ရှိခဲ့နိုင်ပါတယ်။ ဘယ်လိုပဲ မကောင်းတဲ့အကြောင်းအရာဖြစ်နေပါစေ၊ မေ့ပစ်လိုက်ပါ။ မိမိနဲ့သင့်တော်တဲ့ကွန်ဒုံး အမျိုးအစားကို ထပ်မံကြိုးစားရွေးချယ်ပါ။

 

သင်ကွန်ဒုံးသုံးနေရခြင်းရဲ့ ရည်ရွယ်ချက်ကောင်းကို ပြန်အမှတ်ရပါ။ သင်ရော၊ သင့်ပါတနာမှာပါ မလိုချင်သေးတဲ့ကိုယ်ဝန်မရလာဖို့ရယ်နဲ့ လိင်ကနေကူးစက်ရောဂါတွေမရဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို အမြဲသတိရနေပါစေ။ အဆိုးမြင်ခြင်းတွေကင်းဝေးနေလေလေ၊ မိမိကိုယ်ကိုယုံကြည်မှု ပိုရှိနေလေလေ လိင်ဆက်ဆံခြင်းကတစ်ဆင့် ပိုမိုသာယာခြင်းတွေ ပေးစွမ်းနိုင်လေလေဖြစ်ပါတယ်။

 

(၄) သဘောထားကိုပြောင်းလဲလိုက်ပါ။

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ခံစားမှုဟာ စိတ်ကဖြစ်လာတာပါ။ လိင်ဆက်ဆံတဲ့ ခံစားမှုအပေါ်ကိုထားတဲ့ မိမိရဲ့ခံယူချက်ကို ပြောင်းလဲလိုက်ပါ။ လိင်ဆက်ဆံနေစဉ် အစိတ်အပိုင်း၊ အခြေအနေမျိုးစုံရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နှစ်ခြိုက်သဘောကျတာချင်း မတူကြပါဘူး။

 

ကွန်ဒုံးစွပ်ပြီးဆက်ဆံရင် ခံစားမှုအပြည့်အဝမပေးနိုင်ဘူး ဆိုတဲ့မိမိခံယူချက်ကို ပြင်ဆင်လိုက်ပါ။ လိင်ဆက်ဆံတဲ့အခါ ဘယ်လိုမျိုးတင်းကြပ်ဖိစီးမှုမျိုးကိုမှ စိတ်ထဲမထားဘဲ တစ်ကိုယ်လုံး ဖြေလျှော့ကာ အနူးညံ့ဆုံးဆိုတဲ့နည်းနဲ့ ဆက်ဆံကြည့်ပါ။ မိမိခံစားမှုတွေပြောင်းလဲလာတာ တွေ့နိုင်ပါတယ်။

 

တကယ်တော့ ကွန်ဒုံးဆိုတာ လိင်မှုရေးရာမှာ မပါမဖြစ်ဇာတ်ကောင်ဆိုလည်း မမှားပါဘူး။ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတေွကို ကာကွယ်ပေးနိုင်သလို မလိုချင်တဲ့ကိုယ်ဝန်ကိုလည်း တားဆီးပေးနိုင်တာမို့ ကိုယ်ဝန်ဖျက်ချခြင်းအန္တရာယ်တွေကိုပါ တစ်ပါတည်းကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ကွန်ဒုံးသုံးရမှာကို ကြောက်နေတတ်ကြသလို မနှစ်ခြိုက်တတ်ကြတဲ့ လူတွေလည်း ရှိနေပါသေးတယ်။ အထက်ပါနည်းလမ်းတွေရဲ့ အကူအညီနဲ့ ကွန်ဒုံးသုံးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကျိုးပြုစေရန် ဖော်ပြပေးလိုက်ပါတယ်။

 

ရေးသားသူ- ဒေါက်တာမှူးခင်

Comments